ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းကမှ ဒေါ့မွန် အသင်းနှင့် တစ်နှစ်သက်တမ်းတိုးခဲ့သည့် ဂျာမန်ဝါရင့်ကွင်းလယ်ကစားသမား မာကိုရွိုက်စ်က ဒေါ့မွန်အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ်ကြောင်း အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
အသက် ၃၂ နှစ်အရွယ်ရှိ မာကိုရွိုက်စ်သည် ၂၀၁၂ ဇန်နဝါရီတွင် မိုချန်ဂလာဘတ်အသင်းမှ ဒေါ့မွန်အသင်းထံသို့ ပေါင် ၁၇ ဒသမ ၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန် အသင်းနှင့် ၁၁ ရာသီမြောက်ကို ဖြတ်သန်းခဲ့ပြီး ၂၀၁၈-၁၉ ရာသီတွင် ဒေါ့မွန်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
မာကိုရွိုက်စ်သည် ပြီးခဲ့သည့် ၂၀၂၂ -၂၃ ရာသီက ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲသာ ကစားပေးနိုင်ခဲ့သည်။ ယခုအခါ မာကိုရွိုက်စ်သည် ဒေါ့မွန်အသင်း၏ တရားဝင် Twitter အကောင့်တွင် ဗီဒီယိုဖိုင်တစ်ခုတင်ကာ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ်ကြောင်း ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါဗီဒီယိုဖိုင်တွင် မာကိုရွိုက်စ်က “ချစ်လှစွာသော ဒေါ့မွန်ပရိသတ်များ မင်္ဂလာပါ။ ကျွန်တော့်အတွက် အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုနဲ့ပတ်သက်လို့ ခင်ဗျားတို့ကို ကျွန်တော်ကိုယ်တိုင် အသိပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အားလပ်ရက်တွေမှာ အ များကြီးစဉ်းစားပြီးနောက် အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ (နည်းပြ) တာဇစ်နဲ့ (အားကစားဒါရိုက်တာ) ဆီဗက်ရှန်ခါးလ်တို့ိကို မနေ့ကပဲ ကျွန်တော် အသိပေးပြီးပါပြီ။ ဒေါ့မွန်အသင်း ခေါင်းဆောင်လက်ပတ်ကို ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ခွင့်ရခဲ့ပါတယ်။ ဒီနှစ်တွေအတွင်း ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နေရာကို ဆက်ခံမယ့် အသင်းခေါင်းဆောင်ကောင်းတစ်ဦး ကို တာဇစ်နဲ့ ခါးလ်တို့ ရှာတွေ့ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ သူတို့အနေနဲ့ အောင်မြင်အောင်စွမ်းဆောင်နိုင်မှာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

မာကိုရွိုက်စ်သည် ဒေါ့မွန်အသင်းအတွက် ၁၁ ရာသီအတွင်း ပြိုင်ပွဲစုံ ၃၈၇ ပွဲတွင် ၁၆၁ ဂိုး သွင်းယူထားပြီး ပြီးခဲ့သည့်ဧပြီလကမှ အသင်းနှင့် ၂၀၂၄ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်သည်။ မာကိုရွိုက်စ်သည် ဒေါ့မွန်အသင်းကို ၂၀၁၉-၂၀ ရာသီတွင် ဂျာမန်စူပါဖလား၊ ၂၀၂၀-၂၁ ရာသီတွင် ဂျာမန်ပိုကယ်လ်ဖလားတို့ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရရှိရန်နီးစပ်ခဲ့ပြီးမှ နောက်ဆုံးပွဲစဉ်တွင် ကိုလုံးအသင်းကို (၂-၂) ဂိုးဖြင့် သရေသာ ကစားနိုင်သည့်အတွက် လက်လွှတ်ခဲ့ရသည်။
မာကိုရွိုက်စ်အနေဖြင့် အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ်လိုက်ပြီးနောက် ဒေါ့မွန်အသင်းခေါင်းဆောင်ဖြစ်လာရန် မာရီယပ်စ်ဝုလ်ဖ်နှင့် ခေါင်းဆောင်ဟောင်း ဟမ်းမဲလ်တို့ ရေပန်းစားနေကြောင်း သိရသည်။