၁ ။ ဆော်ဒီ အလယ်အလတ် ကလပ် အသင်းတစ်သင်းဟာ ပေပေ ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြီးခဲ့တဲ့ အပတ်က ပြသခဲ့ပါတယ် ။ ဒါပေမဲ့ ဆော်ဒီ ကလပ်ဘက်က ပေးချေချင်တဲ့ လစာ ပမာဏ နှင့် ပေပေ တောင်းဆိုတဲ့ လစာ ပမာဏ ဟာ သိသိသာသာ ကွာခြားမှု ရှိနေပါတယ် ၊ အာဆင်နယ် ဘက်ကတော့ ပေပေ အတွက် ပြောင်းရွှေ့ကြေး အသင့်အတင့် ရရင်တောင် လက်လွှတ်ပေးသွားမှာ ဖြစ်ပါတယ် ၊ အာဆင်နယ် အသင်းဟာ ပေပေ ကို ရောင်းထုတ်လို့ မပြေရင် အသင်းရဲ့ လစာ ပေးချေရမှု လျှော့ကျသွားအောင် စာချုပ်ဖျက်သိမ်းဖို့အထိ စဉ်းစား ထားပါတယ် ။
၂ ။ အသေးစား ဒဏ်ရာ တခုကြောင့် နုရင်ဘတ် နဲ့ ပွဲကို လွဲချော် ခဲ့ရတဲ့ အော်ဒီဂတ် ဟာ အမေရိက လေ့ကျင့်ရေး အစီအစဉ်မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီ ဖြစ်ပါတယ် ။ ရိုက်စ် ၊ အန်ကီးတီးယား ၊ ဇင်ချန်ကို ၊ တိုမီယာစု ၊ မာတင်နယ်လီ နှင့် အယ်နီနီ တို့ကတော့ မြက်ခင်းထက်မှာ လေ့ကျင့်ခန်း မဆင်းသေးဘဲ exercise bike ပေါ်မှာ ကြံ့ခိုင်မှု ပိုမို တိုးတက် ကောင်းမွန်အောင် တည်ဆောက် နေကြပါတယ် ။
၃ ။ ရီးနယ်လ်ဆင် ဟာ ခြေချောင်း ဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရမှာ ဖြစ်ပြီး အမ်းမရိတ်ဖလားပွဲကျမှ အသင်း နဲ့ အတူ ပြန်ကစားနိုင်မှာပါ ။ တိုမီယာဆု နှင့် ဇင်ချန်ကို တို့ နှစ်ဦးကတော့ မေဂျာလိဂ် All-Stars အသင်း နဲ့ ကစားမယ့် ခြေစမ်းပွဲ အတွက် ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ သိရပါတယ် ။

၄ ။ ဘာလိုဂန် က သူ ဟာ လက်ရှိ အချိန်မှာ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်ပြီး အပြောင်းအရွှေ့ ကိစ္စတွေကိုတော့ မိသားစု နှင့် အေးဂျင့်တို့က လုပ်ဆောင် နေကြောင်း ပြောကြား လိုက်ပါတယ် ။ ဘာလိုဂန် ကို ခေါ်ယူဖို့ အင်တာမီလန် အသင်းက စိတ်ဝင်စားနေပြီး ဘရိုက်တန် ၊ ပဲလေစ့် နှင့် ဝက်စ်ဟမ်း တို့ကလည်း စောင့်ကြည့် နေကြပါတယ် ။
၅ ။ အာဆင်နယ် နည်းပြ အာတီတာ က အမေရိကန် လေ့ကျင့်ရေး အစီအစဉ် အင်တာဗျူးမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ရှိသေးကြောင်း အတည်ပြုလိုက်ပြီး လက်ရှိ ကစားသမားခေါ်ယူမှုတွေကိုလည်း အလွန်အားရ ကျေနပ်မိကြောင်း ဆိုလိုက်ပါတယ် ။ အာတီတာ က ရိုက်စ်ကို ခေါ်ယူ နိုင်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ” အရည်အသွေးကောင်းတွေ အများကြီး ရှိသလို ခေါင်းဆောင်မှု အရည်အချင်းလည်း အများကြီးရှိသူပါ ။ သူ့ကို ခေါ်နိုင်ခဲ့တဲ့ အတွက် ကျနော်တို့ ဝမ်းသာ ပျော်ရွှင် ရပါတယ် ။ ”

၆ ။ အာဆင်နယ် အသင်းရဲ့ အဝေးကွင်း ဝတ်စုံသစ် ကို အမ်းမရိတ် ကွင်းပြင်ပရှိ Armoury Store မှာ မြင်တွေ့ နေရပြီ ဖြစ်ပြီး တရားဝင် မိတ်ဆက် ပြသမှု ကို ဒီနေ့ သို့မဟုတ် မနက်ဖြန်မှာ ပြုလုပ် သွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။
၇ ။ ဒက်ကလန်ရိုက်စ် ကို ခေါ်ယူ နိုင်ခဲ့ပြီးနောက် အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်းကို ကျော်ဖြတ်ပီး ကမ္ဘာ့ ဈေးကွက်တန်ကြေး အမြင့်မားဆုံး အသင်း ဖြစ်လာခဲ့ပါတယ် ။ အာဆင်နယ်အသင်းရဲ့ကစားသမား ၃၃ ဦးရဲ့ စုစုပေါင်း တန်ကြေးဟာ ယူရို ၁.၂၁ ဘီလီယံ အထိ ရှိနေတာ ဖြစ်ပါတယ် ။