အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်နေသည့် မန်ယူဂန္ထဝင် ရွန်နီက အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေဖြင့် ဘာပေ၊ ဟော်လန်းတို့ကဲ့ သို့ အဆင့်မျိုးရောက်ချင်ပါက မန်ယူအသင်းကို ဆုဖလားများ ရယူပေးနိုင်ရန်လိုကြောင်း ပြောကြားသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ဇူလိုင် ၁၈ ရက်တွင် မန်ယူအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ် ဆိုခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် စာချုပ်သစ်အရ မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် ၃၂၅၀၀၀ အထိ ရရှိမည်ဟု BBC သတင်း ဌာနက ဖော်ပြခဲ့သည်။
မန်ယူအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုသည့် ရပ်ရှ်ဖို့ဒ်အား အသင်း ဂန္ထဝင် ရွန်နီက ချီးကျူးစကားဆိုခဲ့ပြီး PSG တိုက်စစ်မှူး ဘာပေ၊ မန်စီးတီးတိုက်စစ်မှူး ဟော်လန်းတို့ကဲ့သို့ အဆင့်အတန်းမျိုးရောက်အောင် ရပ်ရှ်ဖို့ဒ်အနေဖြင့် မန်ယူအသင်းကို အဓိကဆုဖလားများ ရယူပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွန်နီက “မားကပ်စ်ရပ်ရှ်ဖို့ဒ်က မယုံနိုင် စရာကောင်းတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားသူလို့ ကျွန်တော် ထင်ပါတယ်။ မန်ယူအသင်းနဲ့ သူ စာချုပ်သစ် ချုပ်ခဲ့တဲ့အပေါ် ကျွန်တော် ဝမ်းသာပါတယ်။ နောက်ငါးနှစ်ဟာ မန်ယူ အသင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့နာမည် ဘယ်လောက်ကျန်ခဲ့မယ်ဆိုတာအတွက် အရမ်းအရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဂိုးတွေအများကြီး သွင်းယူနိုင်သူပါ။ ဒါပေမဲ့ သူ့အနေနဲ့ ဘာပေ၊ ဟော်လန်းတို့လို အဆင့်အတန်းမျိုး ရောက်ချင်ရင်တော့ မန်ယူအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ လိုပါတယ်။ သူ့အနေနဲ့ အဲဒီလိုလုပ်ပေးနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အသင်းဂန္ထဝင်နည်းပြ ဖာဂူဆန်၏ နောက်ဆုံးရာသီဖြစ်သည့် ၂၀၁၂-၁၃ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်ဆုံးရရှိထားပြီး ယင်းနောက်ပိုင်းတွင် ရယူနိုင်ခြင်းမရှိသေးပေ။ ထို့ပြင် မန်ယူအသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလား ကိုလည်း ၂၀၀၇-၀၈ ရာသီက နောက်ဆုံးရရှိခဲ့ပြီး ဖာဂူဆန်ထွက်ခွာသွားပြီးနောက် ချန်ပီယံလိဂ်တွင် နှစ်တိုင်းယှဉ်ပြိုင်ခွင့်ရရန်ပင် ရုန်းကန်ခဲ့ရသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် အသင်းအတွက် ပရော်ဖက်ရှင်နယ်အဖြစ် စတင်ပွဲထွက်ခဲ့သူဖြစ်သည်။ ၎င်းသည် မန်ယူ အသင်းအတွက် ပြိုင်ပွဲစုံ ၃၅၉ ပွဲတွင် ၁၂၃ ဂိုး သွင်းယူထားသည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့ သည့်ရာသီက ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများရယူရန် မျှော်လင့်နေကြောင်း ပြောကြားထားသည်။