အာဆင်နယ် အသင်းဟာ လာမယ့် ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ စတင် ပြုလုပ် နေပြီ ဖြစ်ပြီး နုရင်ဘတ် အသင်း နဲ့ ခြေစမ်းပွဲ ကစားဖို့ရာ ဂျာမနီ ကို ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ ဂျာမနီ ခြေစမ်းပွဲ ခရီးစဉ် ကို နိုင်ငံပွဲ ကစားနေကြတဲ့ ကစားသမား တစ်ချို့ကလွဲလို့ ကစားသမားသစ် ဟာဗက်ဇ် အပါအဝင် ကစားသမား တော်တော်များများ ပါဝင်သွားခဲ့ပါတယ် ။
ဒါပေမယ့် အာဆင်နယ် အသင်း ရဲ့ ဂျာမနီ ခြေစမ်းပွဲ ခရီးစဉ်ကို မလိုက်သွားနိုင်ခဲ့တဲ့ သူတစ်ဦးလည်း ရှိလို့ နေပါတယ် ၊ သူကတော့ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြ နေတဲ့ ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါ ပါ ၊ အသက် ၂၃ နှစ် အရွယ် လိုကွန်ဂါ ဟာ ၂၀၂၁ ခုနှစ်မှာ အန်ဒါလက် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၇.၂ သန်း နဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ် ။
လိုကွန်ဂါ ဟာ အာဆင်နယ် အသင်း မှာ ပုံမှန် ပွဲထွက် ကစားခွင့် မရဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ ခရစ္စတယ်ပဲလေစ့် အသင်းထံ အငှား သွားရောက် ကစားခဲ့ပါတယ် ။ လိုကွန်ဂါ ကတော့ လာမယ့် ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရချင်နေပြီး ကစားခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းရွှေ့ကစားချင်နေကြောင်း Wonhee Hyung YouTube Channel မှာ ပြောကြား ထားခဲ့ဖူးပါတယ် ။

” လာမယ့် ရာသီမှာ ကျနော့် ရဲ့ အစီအစဉ် က ဘယ်လို ရှိမလဲ မသိပါဘူး ၊ ဒါပေမယ့် ကျနော် ကစားခွင့် ရမယ့် နေရာကို သွားဖို့ အဓိက ကြိုးစား သွားပါမယ် ၊ ဒါက ကျနော့် အတွက် အရေးအကြီးဆုံးပါပဲ ၊ ပွဲတွေ ကစားခွင့် ရမယ် ၊ တစ်ပွဲပြီး တစ်ပွဲ ကစားခွင့်ရဖို့က အဓိကပါပဲ ။ ” လို့ ပြောကြားခဲ့တာပါ ။
လိုကွန်ဂါ က သူ အာဆင်နယ် အသင်းနဲ့ အတူ ဂျာမနီ ကို လိုက်မသွားခဲ့တဲ့ အကြောင်းအရင်းကို ” အသေးစား ကြွက်သား ဒဏ်ရာကြောင့် ဝမ်းနည်းစွာနဲ့ပဲ ကျနော် အသင်း ရဲ့ ဂျာမနီ နွေရာသီ camp ကို လိုက်မသွားနိုင်ခဲ့ပါဘူး ။ အခု အချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည် recover ဖြစ်ဖို့ အာရုံစိုက် လုပ်ဆောင် နေပါတယ် ၊ ကျနော် တက်စွမ်းသမျှ အသင်းကို အကူအညီ ပေးဖို့ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်သွားမှာပါ ။ ” လို့ အင်စတာဂရမ် အကောင့်မှာ ရေးသား သွားခဲ့ပါတယ် ။

လက်ရှိ အချိန်မှာ လိုကွန်ဂါ ကို ခေါ်ယူဖို့ ဘန်လေ အသင်းက စိတ်ဝင် စားနေပါတယ် ၊ ဘန်လေ နည်းပြ ကွန်ပနီ နှင့် လိုကွန်ဂါ တို့ဟာ အန်ဒါလက် အသင်းမှာ တုန်းက အလုပ် အတူ တွဲလုပ် ခဲ့ဖူးသူတွေ ဖြစ်ပါတယ် ။